ပေါင်းတည်မှာ PDF တွေ အလင်းဝင်ဖို့ ကားအမြန်မောင်းပြီး လိုက်ကြေငြာနေ.see more…




ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ လက်နက်ကိုင်ခုခံနေတဲ့ ပြည့်သူ့ကာကွယ်ရေးတပ်သား PDF တွေ လက်နက်ချအလင်းဝင်ဖို့အတွက် စစ်ကောင်စီက ဇွန်လ ၁၄ ရက် မနေ့ညက ကားကိုအမြန်မောင်းကာ လိုက်လံကြေညာခဲ့ပါတယ်။
စစ်ကောင်စိီရဲ့လုံခြုံရေးနဲ့ ကားအမြန်မောင်းကာ လိုက်လံကြေညာနေတဲ့အတွက် မြို့ခံအများစုက ဘာတွေကြေညာမှန်းကို သဲကွဲစွာမသိရဘူးလို့ ဆိုပါတယ်။




“PDF တွေကို အလင်းဝင်ဖို့ ညကလိုက်အော်တာ ကားကိုအမြန်မောင်းသွားပြီး အော်နေတယ်။ အော်သံကလည်း အမျိုးသမီးတဦးရဲ့အသံ ခြင်ထောင်သံနဲ့ အော်ပြေးပြေးသွားတာ မနည်းနားထောင်လိုက်ရတယ်။
ရပ်ပြီးအော်တာလည်း မဟုတ်ဘူးလေ”လို့ မြို့မတောင်ပိုင်းမှာ နေသူတဦးက ပြောပါတယ်။
မြို့ခံတဦးကလည်း “မင်းအောင်လိူင်က ရူံးနေပြီ ကမ္ဘာကလည်း နေရာမပေးဘူး အာစီယံမှာလည်း အရံလူပဲသွားရတယ်။ စစ်မျက်နာကလည်း များများဖွင့်နေရတော့ သူ့ရဲ့ခိုင်းဘက်တွေလည်း နားခွင့်မရဘူး နားခွင့်လည်း မပေးဘူး။




သေတာနဲ့တပ်ပြေးကလည်း နေ့စဥ်ဖြစ်နေတယ်။ အဲဒါကို သူတွက်မိမယ် ဒါကြောင့် သူမနိုင်တော့မှန်းသိလို့ PDF လူငယ်တွေကို အချိုသပ် သွေးခွဲခေါ်နေတာ”လို့ ဆိုပါတယ်။
စစ်ကောင်စီက လက်နက်စွန့်ပြန်လာကြဖို့ ကမ်းလှမ်းနေပေမယ့် နိုင်ငံတဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လှောင်ပြောင်နေကြသလို စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကနေလည်း PDF လူငယ်တွေ အလင်းဝင်တဲ့ဓာတ်ပုံတွေနဲ့ ဝါဒဖြန့်တာတွေ ပြုလုပ်နေပါတယ်။




ပြီးခဲ့တဲ့ ရက်ပိုင်းက မကွေးတိုင်း ငဖဲမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနဲ့မတ်လလောက်က ဆန္ဒပြရာမှာပါဝင်ခဲ့လို့ ဖမ်းဆီးခံရမှာ ကြောက်ပြီး အခြားမြို့ရွာတွေမှာ သွားရှောင်နေတဲ့သူတွေက စစ်ကောင်စီဆီမှာ ခံဝန်ထိုးပြီး သူတို့အိမ်တွေမှာ ပြန်နေထိုင်ကြတာကို PDF လူငယ်တွေ အလင်းဝင်တဲ့ပုံစံမျိုးနဲ့ ဝါဒဖြန့်တာတွေပြုလုပ်ခဲ့ပါတယ်။
ပေါင်းတည်မှာ PDF တွေ အလင်းဝင်လက်နက်ချဖို့ လိုက်လံကြေညာနေတာဟာ မြို့ပေါ်ရပ်ကွက်အချို့သာဖြစ်ပြီး မြို့အစွန်ဘက် ရပ်ကွက်အချို့မှာတော့ လိုက်လံကြေညာတာကို မကြားမိဘူးလို့ သိရပါတယ်။




#မြေလတ်အသံ