အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ကြောင်တောင်တောင်အမိန့်ညွှန်ကြားချက်များ




ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားဘဲ နိုင်ငံသားတိုင်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ဥပဒေဆိုတာ မရှိတော့ရင် တိုင်းသူပြည်သားတွေဟာ အန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။
နိုင်ငံတိုင်းမှာ သူ့ဥပဒေနဲ့သူ ရှိနေပေမယ့် တချို့နိုင်ငံတွေမှာတော့ တမူထူးခြားတဲ့ ဥပဒေတွေလည်း ရှိနေပါတယ်။




ဥပမာပြောရရင် အာဆီယံနိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာဆိုရင် ၁၉၉၂ ခုနစ်ကနေ ပီကေဝါးခြင်းနဲ့ ရောင်းဝယ် ဖောက်ကားခြင်းကို တားမြစ်ထားပါတယ်။ဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် ၂နှစ် (သို့မဟုတ်) ငွေဒဏ်ရိုက်ခံရမှာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုတဲ့အတွက်ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာဆိုရင်လည်း ည ၁၀ နာရီနောက်ပိုင်း ရေအိမ်ရေမဆွဲချရတဲ့ ဥပဒေတွေလည်းရှိနေပါတယ်။ အကြောင်းကတော့ လူသူအိပ်စက်အနားယူချိန်မှာ အနှောက်အယှက်ဖြစ်စေတဲ့ ဆူညံသံကြောင့်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရင်တုန်းက မကြားဖူးတဲ့ ထူးဆန်းတဲ့ အမိန့်ညွှန်ကြားချက်တွေ အမျိုးမျိုးထုတ်ပြန်နေသလို ဥပဒေတချို့ကိုလည်း ပြင်ဆင်ဖို့ စစ်ကောင်စီ ကြိုးစားနေပါတယ်။




အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရ
အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်တစ်စီးကို တယောက်ပဲ စီးဖို့၊ အမျိုးသားနှစ်ဦး မစီးဖို့၊ ဆိုင်ကယ်စီးရင် mask မတပ်ဖို့၊ ဆိုင်ကယ်ဦးထုပ်ဆောင်းထားရင်လည်း မှန်မချထားဖို့နဲ့ အမျိုးသမီးမောင်းနှင်တဲ့ နောက်မှာ အမျိုးသားလိုက်မစီးဖို့ စတဲ့ တားမြစ်ချက်တွေ ထွက်ပေါ်လာပါတယ်။
တားမြစ်ချက်ကို ဖောက်ဖျက်ခဲ့ရင်လည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်သွားမှာ မဟုတ်ဘဲ တစ်ခါတည်း သေနတ်နဲ့ပစ်မယ်လို့ ထုတ်ပြန်ထားတဲ့အတွက် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးရင် သေဒဏ်လို့တောင် ဆိုနိုင်ပါတယ်။




ဈေးဆိုင်ပိတ်ရင် ဖမ်းမယ်
စစ်အာဏာရှင်လက်ထက်မှာ ကိုယ်ဖွင့်ထားတဲ့ ဈေးဆိုင်ကိုလည်း ပိတ်လို့မရပါဘူး။ စစ်ကောင်စီက အသံတိတ်သပိတ်ဆိုတဲ့ လူထုလှုပ်ရှားမှုပြုလုပ်တဲ့နေ့မှာ ဈေးဆိုင်တွေကို ပိတ်ရင် ပိုင်ရှင်တွေကို ဖမ်းမယ်ဆိုပြီး အမိန့်စာတွေ ထုတ်ပါတယ်။
မန္တလေးနဲ့ တခြားမြို့ကြီးတွေက ဆိုင်ပိုင်ရှင် နှစ်ရာလောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သလို တချို့ဆိုင်တွေဆိုရင် ချိတ်ပိတ်ခံခဲ့ရပါတယ်။
VPN သုံးရင် ဖမ်းမယ်




စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းအမှောင်ချချင်တဲ့အတွက် စစ်ကောင်စီက လူမူကွန်ယက်တွေကို အသုံးပြုလို့မရအောင် ပိတ်ပင်လိုက်ပါတယ်။
စစ်ကောင်စီက မြန်မာနိုင်ငံကို သတင်းအမှောင်ချဖို့ အင်တာနက်အသုံးပြုတာတွေကို ကန့်သတ်လိုက်ပြီး ဖေ့စ်ဘုတ်လို လူမူကွန်ယက်ကို အသုံးပြုချင်ရင် VPN (Virtual Private Network) လို့ခေါ်တဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ ကြားခံစနစ်ကို အသုံးပြုပြီးမှ လူမှုကွန်ရက်တွေကို အသုံးပြုနိုင်တာပါ။
စစ်ကောင်စီက ဒါကို သိတဲ့အတွက် VPN သုံးရင် ဖမ်းဆီးထောင်ချနိုင်မယ့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းဖို့ ပြင်ဆင်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာတော့ မသိသေးပါဘူး။




မိုးဟိန်းရဲ့ဟောပြောချက် မကြည့်မနေရ
မိုးဟိန်းဆိုတာကတော့ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက သူရိယနေဝန်းဆိုတဲ့ ဂျာနယ်တစ်ခုကို တည်ထောင်ပြီး အမုန်းစကားပြောတာ၊ ဝါဒဖြန့်တာ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ စတဲ့ မီဒီယာကျင့်ဝတ်တစ်ခုနဲ့မှ မညီတဲ့ Yellow Journalism လိုခေါ်တဲ့ အပုတ်ချဂျာနယ်တစ်ခုကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မိုးဟိန်းဟာ စစ်ကောင်စီပိုင် မြဝတီတီဗီမှာ “မြန်မာ့အရေး အလေးအနက် တွေးသူတစ်ဦး၏ စကားသံများ” ဆိုပြီး လက်ရှိနွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး အပါတ်စဉ် ထုတ်လွင့်လာခဲ့တာဟာဆိုရင် အပိုင်း ၁၆၀ နီးပါးရောက်ရှိနေပါပြီ။
ဒီပုဂ္ဂိုလ်ရဲ့ ဟောပြောချက်တွေကို ပြည်သူတွေက ဘယ်သူမှ မကြည့်ကြပေမယ့် စစ်တပ်အသိုင်းအဝိုင်းကတော့ မကြည့်မနေရ ဆိုတဲ့ အမိန့်ညွှန်ကြားချက်ကြောင့် ကြည့်ရှုနေရပါတယ်။
အသားမဲပြီး ရုပ်ကြမ်းရင် ဖမ်းတယ်




အသားမဲပြီး ရုပ်ရည်ကြမ်းတမ်းတဲ့ သူကို ဖမ်းဆီးစစ်ဆေးဖို့ စစ်ကောင်စီက တကယ်ညွှန်ကြားထားသလားတော့ မသိပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကတော့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာတော့ အသားမဲပြီး ရုပ်ကြမ်းတဲ့သူတွေကို တကယ်ဖမ်းဆီးခဲ့ပါတယ်။
ပုသိမ်မြို့ရပ်ကွက်တွေမှာ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို နှာခေါင်းစည်း (Mask) ဖြုတ်ခိုင်းပြီး အသားမဲရုပ်ကြမ်းတဲ့သူနဲ့ လည်ပင်းတစ်ဝိုက်မှာ ဒဏ်ရာရှိတဲ့သူတွေကို ဖမ်းဆီးနေတယ်လို့ ဧရာဝတီတိုင်မ်းသတင်းဌာန ရေးသားထားပါတယ်။
ဒီလို အသားမဲပြီး ဒဏ်ရာရှိတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာမှန်ပေမယ့် ဘယ်နှစ်ယောက်ဖမ်းဆီးခံရတယ်၊ ပြန်လွှတ်လာတဲ့သူတွေရှိလား၊ ဘယ်လို ပုဒ်မနဲ့ဖမ်းတာလည်းဆိုတာကတော့ မသိရပါဘူး။
ဖုန်းမပါရင် ဒဏ်ငွေရိုက်တယ်၊ Mask တပ်ရင် ဒဏ်ငွေရိုက်တယ်
လက်ရှိ PDF တွေ အားကောင်းတဲ့ မြို့နယ်တချို့မှာ အပြင်ထွက်တဲ့အချိန်မှာ ဖုန်းမပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေရိုက်တယ်ဆိုတာပါပဲ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာရင်း ဖုန်းစစ်တဲ့အချိန် ဖုန်းမပါရင် ဒဏ်ငွေရိုက်ပြီး မဆောင်နိုင်ရင် စီးလာတဲ့ဆိုင်ကယ်သိမ်းတာတို့ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက DVB သတင်းမှာ ရေးသားထားပါတယ်။




ထူးထူးဆန်းဆန်း ညွှန်ကြားချက်တွေနဲ့ ပြည်သူတွေရဲ့အနာဂါတ်
စစ်အာဏာရှင်တစ်နှစ်ကျော် အုပ်ချုပ်နေတဲ့ကာလအတွင်း အခုလို အမိန့်ညွှန်ကြားချက်တွေ အမျိုးမျိုးထွက်ပေါ်လာပြီး ပြည်သူတွေအနေနဲ့ကတော့ ထင်ရာစိုင်းနေတဲ့ စစ်ကောင်စီရဲ့လက်ထဲမှာ တရားဥပဒေရဲ့ အကာအကွယ်ကိုလည်း ရရှိမှာမဟုတ်ပါဘူး။
ဥပဒေအရ ပြန်လည်ချေပခွင့်ရရှိရင်တောင် အမိန့်ချမှတ်မယ့် တရားသူကြီးတွေကတော့ စစ်ကောင်စီ စေခိုင်းတဲ့အတိုင်း အမိန့်ချသွားဖို့က ရာနှုန်းပြည့်ဖြစ်နိုင်တဲ့အတွက် မျှတတဲ့ တရားစီရင်ရေးဖြစ်ဖို့ မျှော်လင့်လို့မရပါဘူး။
အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာတလွှား လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာမှ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုဟာ ၁၀၀ ရာခိုင်နှုန်းမှာ ၉ ရာခိုင်နှုန်းပဲရှိပါတော့တယ်။




မြန်မာနိုင်ငံနဲ့အတူ ၁၀ ရာခိုင်နှုန်းအောက်မှာရှိတဲ့ နိုင်ငံတွေကတော့ မြောက်ကိုရီးယား၊ ဆိုမားလီးယား၊ ဆီးရီးယား၊ တောင်ဆူဒန်စတဲ့နိုင်ငံတွေဖြစ်ပါတယ်။ တာလီဘန်အဖွဲ့အုပ်ချုပ်နေတဲ့ အာဖန်ဂန်နစ္စတန်နိုင်ငံတောင် မြန်မာထက် တစ်ရာခိုင်နှုန်းပို လွတ်လပ်တာကိုတွေ့ရပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch (HRW) အဖွဲ့ရဲ့ ၂၀၂၁ ခုနစ် နှစ်ပတ်လည် အစီရင်ခံစာမှာ စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေတယ်လို့ အစီရင်ခံထားပါတယ်။
အမေရိကန်နိုင်ငံဟာလည်း ခရီးမသွားသင့်တဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို အနီရောင် အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါတောင် စစ်ကောင်စီအုပ်ချုပ်နေတာ တစ်နှစ်ကျော်ကာလပဲရှိပါသေးတယ်။




စစ်ကောင်စီသာ ရေရှည်ဆက်အုပ်ချုပ်သွားမယ်ဆိုရင် သူတို့ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကြောင့် အသားဖြူဆေးတွေ အရောင်းသွက်လာနိုင်သလို မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်တဲ့ တစ်ယောက်စီး ဆိုင်ကယ်တွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။
ဖုန်းမရှိရင် ဒဏ်ငွေရိုက်တဲ့အတွက် ဖုန်းကုမ္ပဏီတွေကတော့ ရောင်းအားကောင်းလာမှာဖြစ်ပြီး ကိုဗစ်ကာလ ဖြစ်ပေမယ့် Mask ကုမ္ပဏီတွေကတော့ ရောင်းအားကျတော့မှာဖြစ်ပါတယ်။
ဈေးမဖွင့်မနေရ အမိန့်ထုတ်ထားပေမယ့်လည်း ဘယ်သူမှ ဈေးလာဝယ်မှာ မဟုတ်တဲ့အတွက် ဆိုင်ဝန်ထမ်းတွေအတွက်တော့ နားနားနေနေဖြစ်မယ့် နေ့တစ်နေ့ပါ။ စစ်တပ်အသိုင်းအဝိုင်းဟာလည်း မိုးဟိန်း စကားပြောနိုင်သေးသမျှ ကာလပါတ်လုံး သူ့ရဲ့ဗီဒီယိုတွေကို အောင့်အီးပြီး ကြည့်နေရဦးမှာပဲဖြစ်ပါတယ်။




စစ်ကောင်စီသာ သက်ဆိုးရှည်ဦးမယ်ဆိုရင် ကမ္ဘာပေါ်မှာ မရှိသေးတဲ့ ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေကို အမျိုးမျိုးထုတ်ပြန်နေဦးမှာပဲဖြစ်ပြီး အနာဂါတ်မှာ မြန်မာနိုင်ငံကို “အရှေ့တောင်အာရှရဲ့ မြောက်ကိုရီးယား” လို့တောင် နိုင်ငံတကာကခေါ်ဝေါ်သမုတ်လာနိုင်ပါတယ်။
Crd