ဘွဲ့တံဆိပ်တော်ရ သံဃာဘဝကနေ PDF တပ်သား ဖြစ်လာသူ
စောဖိုးခွါး (ဝါရှင်တန်ဒီစီ)
■ “ဘုန်းကြီးဘဝနဲ့ တော်လှန်ရေးသမားဘဝက ခပ်ဆင်ဆင်ပဲ။ ပြည်သူ မကြည်ညိုဘူး။ ပြည်သူမထောက်ခံဘူးဆိုရင် ဘယ်လိုမှ ရပ်တည်လို့ မရဘူး။ အနေအထိုင်နဲ့ စိတ်ဓာတ်ပဲ နည်းနည်းကွာတာ ကျန်တာကတော့ စည်းနဲ့ ဘောင်နဲ့ အမိန့်အောက်မှာ နေရတာ”




ကိုးနှစ်သားကတည်းက ကိုရင်ဘဝနဲ့ ၁၈ နှစ်ကြာ သာသနာ့ဝန် ထမ်းခဲ့တဲ့ ဆရာတော်ဦးခေမာဝုဓ တစ်ဖြစ်လဲ ကိုညီရဲရင့် တစ်ယောက် အခုတော့ စစ်အာဏာရှင်ကို လက်နက်ကိုင် ပြန်တိုက်နေတဲ့ PDF တပ်သား ဖြစ်နေပါတယ်။
ဆရာတော်ဦးခေမာဝုဓ ဘဝမှာတုန်းက သူဟာ ပိဋိကတ် ပုံဝက် အာဂုံဆောင်နိုင်သူ သံဃာတော်တွေကို ချီးမြှင့်တဲ့ ဥဘတောဝိဘင်္ဂဓရ ဘွဲ့လက်မှတ်တော်ကို ရခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ ပြည်သူတွေ မတရားဖမ်းဆီး နှိပ်စက်ခံနေရတာတွေကို မလိုလားလို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူပါ။




“ပြည်သူတွေ အဖိနှိပ်ခံ အနှိပ်စက်ခံ၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးတာမို့ လက်နက်ကိုင် ပြန်တိုက်မှရမယ်ဆိုပြီး ဒီဘက်ကိုရောက်လာတာပါ”
သံဃာတော်တွေ ဖိနှိပ်သတ်ဖြတ်ခံခဲ့ရတဲ့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကာလတုန်းကလည်း သူဟာ ၁၅ နှစ်သားအရွယ် ကိုရင်လေးဘဝနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ ဆန္ဒပြရုံနဲ့ မရတော့ဘူး။ လက်နက်ကိုင် ပြန်ခုခံမှ ဖြစ်တော့မယ်လို့ ယုံကြည်ခဲ့သူပါ။
ဆန္ဒပြ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာလမ်းစဉ်နဲ့ မကိုက်ညီဘူးလို့လည်း သူက ပြစ်တင်ရှုတ်ချပါတယ်။
“ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆို ငါးပါးသီလ မြဲရတယ်လေ။ သူကျတော့ အာဏာရူးလို့ ဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိ၊ သူလုပ်နေတဲ့ ဘုရားထီးတင်တာတွေ၊ ဘုန်းကြီး ကိုးကွယ်တာတွေက သူ့အကျိုးစီးပွားအတွက် အသုံးချတာလို့ပဲ မြင်တယ်။ သာမန် ဗုဒ္ဓဘာသာဝင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကျင့်တရား သူ့မှာ လုံးဝမရှိဘူး။ သူ့အတွက် ဗုဒ္ဓဘာသာလို့ ပြောရမှာ ကျနော်ရှက်တယ်”




“အပြစ်ဒဏ်ကတော့ ဗုဒ္ဓဘာသာ တရားဟောတဲ့အတိုင်းပဲ၊ အတ္တာဟိ အတ္တနော နာထော။ ကိုယ်စိုက်တဲ့ အသီးကိုယ်စားရမှာပဲ။ အာဏာသိမ်းပြီးနောက် သူ့ရဲ့ အသရေညိုးလာတယ်၊ သူ့ကို ယုံကြည်မှုတွေ လျှော့လာတယ်။ တခြားမကြည့်နဲ့ တပ်ထဲမှာတောင် အချင်းချင်း သွေးကွဲပြီး၊ သူ့ကို မထောက်ခံ CDM လုပ်ကြသူတွေရှိတယ်၊ သူရဲ့ အကျိုးရလဒ်ပဲပေါ့”
ကိုညီရဲရင့်တို့လို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတဲ့ ဘုန်းကြီးလူထွက်တွေ ရှိသလို စစ်ကောင်စီနောက်ခံ ဗျူစောထီးတွေဘက်မှာလည်း သင်္ကန်းစည်းကိုယ်တော်တွေကို မြင်တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေထဲမှာ သင်္ကန်းဝတ်ကိုယ်တော်တွေ သေနတ်လွယ်ထားတဲ့ ပုံတွေကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။




ဒီလို သင်္ကန်းဝတ် လက်နက်ကိုင်တွေကို ဘယ်လိုမြင်ပါသလဲ။
” သာသနာ တကယ်အရုပ်ဆိုးတယ်။ သာသနာ အကြည်ညိုပျက်တယ်။ တခြားဘာသာဝင်တွေအမြင်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းပြီး ပြည်သူကို နှိပ်စက်တယ်လို့ မြင်လာမှာ ကျနော်တကယ်စိုးရိမ်တယ်”
အခုဆို တိုင်းရင်းသားဒေသကို သူရောက်နေတာ တစ်နှစ်နီးပါးရှိနေပါပြီ။ တစ်ဖက်တစ်လမ်းကလည်း သူဝါသနာပါတဲ့ ပန်းချီတွေဆွဲရင်း စခန်းအတွက် ဝင်ငွေရဖို့လည်း ရှာနေသူဖြစ်ပါတယ်။ ကိုညီရဲရင့် ရွေးချယ်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးကရော အခု ဘယ်အနေအထား ရောက်နေပါပြီလဲ။
“အရှိန်အဟုန်က တဖြေးဖြေးနဲ့ ပိုမြင့်လာတယ်။ ပိုမြင့်လာလို့လည်း သူတို့ဘက်က အကျအဆုံးတွေ CDM ဝင်လာသူတွေ အများကြီး ရှိလာတယ်။ တစ်ခုရှိတာကတော့ ကျနော်တို့က အုတ်တံတိုင်းကို သွားတိုက်နေရသလို ဖြစ်နေတယ်။ သူတို့တွေက ပြည်သူ့ချွေးနည်းစာနဲ့ နှစ်ပေါင်း ၇၀ ကျော် လက်နက်တွေ စုထားတာနဲ့ တိုက်နေတာ။




ကျနော်တို့က အာဏာသိမ်းမှ ဘာမှပြင်ဆင်မှု မရှိဘဲ သင်တန်းလေး တက်။ ရတဲ့နည်းနဲ့ တိုက်နေတာတောင်မှ သူတို့ ဒီလောက်တုန်လှုပ်နေတာ၊ ကြည်းတပ်နဲ့ မနိုင်လို့ လေကြောင်းကနေ တိုက်ရတဲ့အထိ တုန်လှုပ်စေကတည်းကိုက ခန့်မှန်းလို့ရတယ်”
အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီကို လက်နက်ကိုင် ပြန်တိုက်နေတဲ့သူတွေနဲ့ ဆွေးနွေးဖို့ မရှိဘူး။ အဆုံးထိ နှိမ်နင်းသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ဒါပေမဲ့ ကိုညီရဲရင့်ကတော့ အာဏာသိမ်းစစ်တပ်ကို အဆုံးထိ တိုက်ထုတ်သွားမယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်ခင်ဗျာ။




“ကျနော်တို့ နောက်ဆုံးထွက်သက်ထိ နောက်ဆုံးအချိန်ထိ အလံမလဲဘဲ အဆုံးထိ တိုက်မယ်လို့ ယုံကြည်ထားတယ်။ တော်လှန်ရေး အောင်မယ်လို့ကိုလည်း ယုံကြည်ထားတယ်၊ အောင်ဖို့ အတွက် ပြည်သူတွေ အားလုံး မြို့ပြ၊ ကျေးလက်မကျန်၊ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ကိုလည်း တောင်းဆိုပါတယ်”
Crd