ရန်ကုန်၊ ဧပြီ ၂၈
ရန်ကုန်ခေတ်သစ် (Khit Thit ) သတင်းဌာနအပါအဝင် မီဒီယာ ၇ ခုကို NUG အနူဂျီ၊ အနူဘောမီဒီယာများဟု စစ်တပ်ပြန်ကြားရေး ဇော်မင်းထွန်းက ယမန်နေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ခေါ်ဆိုခဲ့ပြီး NUGကို ၎င်း သိချင်သော မေးခွန်းများ မေးပေးရန် တောင်းဆိုလိုက်သည်။




ခေတ်သစ် အပါအဝင် မီဒီယာ ၇ ခုခန့်သည် တိုင်းပြည်ကို ဖျက်ဆီးနေသည်ဟု ဇော်မဲထွန်းက ပြောဆိုပြီး အနူဘောမ မီဒီယာများအနေဖြင့် အနူဂျီ ဘောမနေရသည့်အတွက် Covid ရှောင်ကြည်ရေး သီချင်းစာသားအတိုင်း ဘောမနေသည့် လက်များကို ခဏခဏ ဆေးသင့်ကြောင်း၊
NUG အနေဖြင့် ငွေကြေးများ ရှာဖွေနေပြီး ယင်းငွေကြေးများကို မည်သို့ အသုံးပြုသနည်း အပါအဝင် ၎င်းသိလိုသော မေးခွန်းများကို မေးပေးစေလိုကြောင်း ဇော်မဲထွန်းက ပြောသည်။
“NUG ဘောမမီဒီယာ တစ်နည်းအားဖြင့် အနူကြီး ဘောမမီဒီယာ အနူဘောမမီဒီယာ ဖြစ်နေပြီလား။ ဖြစ်နေရင်လည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးသီချင်းထဲကစာသားလို လက်ကိုခဏခဏဆေးပါ၊
လူစုလူဝေး ရှောင်ရှားပါ လို့ မေတ္တာရှေ့ထား သတင်းစကားပါးအပ်ပါတယ်ဗျာ…..” ဟု ဇော်မဲထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။




ပြည်တွင်းသတင်းစာဆရာတစ်ဦးက ဇော်မဲထွန်း၏ ပြောဆိုချက်များကို ကြည့်လျှင် ပြည်သူများက စစ်ကောင်စီ၏ အခြေအနေအမှန်များကို တင်ပြနေသော လွတ်လပ်သော သတင်းမီဒီယာများကို ယုံကြည်မှု မြင့်တက်နေခြင်းနှင့် တော် လှန်ရေး အရှိန်အဟုန်ကို မီဒီယာများက တစ်ဖက်တစ်လမ်းမှ ပံ့ပိုးနေမှုကို စစ်တပ်က မတားဆီးနိုင်တော့သည့်အခြေအနေများကို မြင်ရကြောင်း၊ တစ်နည်း အားဖြင့် မီဒီယာစစ်ပွဲတွင် စစ်တပ် အကြီးအကျယ် ရှုံးနိမ့်နေသည်ကိုပြသကြောင်း သုံးသပ်သည်။
“ဒီဘက်က ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ လော်ဘီတွေက မိမိတို့ရဲ့ ကိုယ် ပိုင် လူမှုကွန်ရက်စာမျက်နှာကနေ ရေးတာသားတာ။ ဟုတ်လား .. အဘ ဘောမတို့ ဘာတို့ ရေးတယ်ပေါ့။ ပြန်ကြားရေး ဇော်မဲလုံးကတော့ သူ့တို့ မီဒီယာကနေ Live လွှင့်ပြီး အနူဂျီဘောမတယ်၊ လက်ဆေးပါ ဆိုပြီး ပြောနေရတာက နံပါတ်တစ် ပြောဆိုသူရဲ့ ဦးနှောက်အဆင့်အတန်း၊ ယုတ်ညံ့မှုကို ဝန်ခံမှု။
နောက် နံပါတ်နှစ်ကတော့ သူတို့ ဘယ်လောက်ပဲ တားဆီး ပိတ်ပင်ပါစေ မီဒီယာတွေက အရှိန်အဟုန်နဲ့ တော်လှန်ရေးမှာ ပံ့ပိုးပါဝင်နေတယ် ။ စစ်တပ်က ဒါကို ဘယ်လိုမှ မတားဆီးနိုင်တော့ဘူးဆိုတာ ဝန်ခံတယ်။ အရေးလည်းမယူနိုင်တော့ဘူး။ နံပါတ် သုံးကတော့ လူထုရဲ့ ယုံကြည်မှုကို သူတို့ ထုတ်ပြောနေတဲ့ မီဒီယာတွေက ရနေတယ်ဆိုတာ ပိုပြီး သိသာလာစေတယ်”ဟု ပြည်တွင်းသတင်းစာဆရာတစ်ဦးက ပြောသည်။




သတင်းစာရှင်းလင်းပွဲတွင် စစ်တပ် ပြန်ကြားရေးဇော်မင်းထွန်းက ခေတ်သစ်၊ RFA၊ DVB၊ ဧရာဝတီ၊ Mizzima ၊ Myanmar Now၊ အပါအဝင် သတင်းမီဒီယာ ၇ ခု၏ သတင်းများကို ထုတ်နုတ် ပြသ၍ တိုင်းပြည်ကို ဖျက်သည့် ပြည်ဖျက်မီဒီယာများဟု ပြောဆိုသည်။
ထို့ပြင် လက်ရှိ မန္တလေးတွင် လူ ၈ ဦးထက်မနည်း သတ်ခဲ့ပြီးဖြစ်သည့် သွေး သောက်အမည်ခံ အဖွဲ့ကလည်း ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး DVB ၊ MIzzima နှင့် ခေတ်သစ်သတင်းဌာနများမှ မိသားစုဝင်များ၏ လိပ်စာများ သိရှိပါက အကြောင်းကြားရန်နှင့် သတ်ဖြတ်မည်ဟု တရားဝင် တယ်လီဂရမ် လူမှုကွန်ရက်စာမျက်နှာများမှ ထုတ်ဖော်ပြောဆိုထားသည်။




ဓာတ်ပုံ- ၂၀၁၉ ခုနှစ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဇော်မင်းထွန်း။ (ပုံအဟောင်းဖြစ်သည်)
Photo Credit- AP
Khit Thit (28 Apr 2022)