ကုလ လုံခြုံရေး ကောင်စီအား မလုံခြုံသည့် ကောင်စီဟု အမည် ပြောင်းရန် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ ပြော
ကမ္ဘာကုလသမဂ္ဂ လုံခြုံရေး ကောင်စီ UN Security Council အမည်မှ Insecurity Council အဖြစ် အမည် ပြောင်းက ပို၍ သင့်တော်မည် ဖြစ်သည်။ မြန်မာ၊ အာဖဂန်နစ္စတန် နှင့် ဆီးရီးယား တို့တွင် ရှက်ဖွယ်လိလိ မလှုပ်မယှက် ရပ်ကြည့်နေခဲ့ကြ၍ ဖြစ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး ၏ အထွေထွေ အတွင်းရေးမှူးချုပ် အဂ္ဂနီးစ် ကာလမတ် က ရှုတ်ချပြောဆိုသွားခဲ့သည်။




ယူကရိန်း တွင် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်၍ အရပ်သားများ ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်လာနေသည်ဟု တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စဘတ်ခ်တွင် အဖွဲ့ကြီး၏ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန် သည့် အခမ်းအနားမှာ AFP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာ၌ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယူကရိန်း တွင် ဖြစ်ပွားနေမှုများသည် ဆီရီးယားတွင် ဖြစ်ခဲ့သည်များ နှင့် တပုံစံတည်းပင် ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတကာ စနစ်ကြီး တခုလုံး သွက်ချာပါဒ လိုက်လာ နေချိန်တွင် ရုရှားသည် “မောက်မာနေဆဲ” ဖြစ်သည်ဟု အပြစ်ဖို့လိုက်ပြီး ကုလ လုံခြုံရေး ကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများသည် မလှုပ်မယှက် ဖြစ်နေကြခြင်းသည် ရှက်ဖွယ်လိလိ ဖြစ်သည်ဟု ဆိုသည်။
ယူကရိန်း တွင်သာမက မြန်မာ၊ အာဖဂန်နစ္စတန် နှင့် ဆီရီးယားတို့တွင်လည်း အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြပြီး ဖြစ်သည်ဟု ပြောဆိုခဲ့ပြန်သည်။ရုရှား နှင့် ပတ်သက်လျှင် မည်သို့မျှ “ကြားနေ၍” မဖြစ်ဟု ပန်ကြားလိုက်ပြန်သည်။




၂၀၂၁ ခုနှစ်သည် လူ့အခွင့်အရေး ရှုထောင့်မှ ကြည့်မည်ဆိုက အာဏာ ရ အသိုက်အဝန်း ၏ အဆောက်အဦး စင်္ကြန်လမ်းများ တလျှောက် ကြောင်သူတော် လုပ်ရပ်များ၊ သစ္စာဖေါက်မှုများ နှင့် ပြည့်နှက်နေသည်ကို တွေ့ရသည့် နှစ်တနှစ် ဖြစ်သည်ဟု ဆိုသည်။
အမေရိကန်သည် စစ်တပ်၏ အကြမ်းဖက် ခံရသော မြန်မာပြည်သူများ နှင့် ဘင်္ဂလားဒေ့ရှ် ရှိ ရိုဟင်ဂျာ လူနည်းစုများ အတွက် လိုအပ်သည့် အကူအညီများ ဖြစ်သည့် အဟာရများ၊ သောက်သုံးရေးများ၊ အမိုး အကာများ၊ နှင့်် ကျန်းမာရေး များ အတွက် ဒေါ်လာ ၁၅၂ သန်း လှူဒါန်းသွားမည်ဟု အမေရိကန် အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီမှ တရားဝင် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြံပေး ဒဲရက် ရှိုလက် သည် ဗီယက်နမ်၊ ဖီလစ်ပိုင် နှင့် ဂျပန် နိုင်ငံများသို့ မတ်လ ၂၈ မှ ဧပြီ ၂ အထိ သွားရောက်မည် ဖြစ်ပြီး မြန်မာ၊ ယူကရိန်း နှင့် အခြား ပြဿနာများကို ဆွေးနွေးမည်ဖြစ်ကြောင်းလည်း သတင်း ထုတ်ပြန်လာခဲ့ပြန်သည်။




မြန်မာ အရေး နှင့် ပတ်သက်၍ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ငြိမ်းချမ်းစွာ ပြန်လည် ရောက်ရှိရေး ကြိုးပမ်း သွားမည်ဟု ဆိုသည်။ ဤသည်မှာ အမေရိကန်သည် အိမ်မက်မှ မနိုးထနိုင်သေး ဘဲ ရှိနေဆဲပင် ဖြစ်သည်။
တဖက်တွင်လည်း အမေရိကန် သည် တရုတ်တို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည်ကို စိုး၍ မူဝါဒ ရေးရာအရ မြန်မာပြည်တွင် မတည်ငြိမ်မှု များ ဆက်လက် ဖြစ်ပေါ်နေသည်ကို ကြိတ်၍ ကျေနပ်နေဟန် ရှိသည်ဟု ယူဆ ရမလို ဖြစ်နေသည်။
သို့သော် ဒဲရက် ရှိုလက် သည် မြန်မာ တွင် အများဆုံး ရင်းနှီးမြုပ်နှံထားဆဲ ဖြစ်သည့် စင်္ကာပူ အား နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုများ တွင် ပါဝင်လာရန် တောင်းဆိုထားပြီး ဖြစ်သည်။ စင်္ကာပူရှိ စတော့ အိပ်ချိန်းမှ စစ်တပ်နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည့် အဆင့်တွင်သာ ရှိပေသေးသည်။




စင်္ကာပူသည် စစ်အာဏာရှင်များ အား ကုလ သို့မဟုတ် အာဆီယံမှ အရေးယူလာမည့် အချိန်ကိုသာ စောင့်နေဆဲ ဖြစ်သည်။ သို့သော် စစ်အာဏာရှင်များသည် ၎င်းတို့၏ အမူအကျင့်များ ပြောင်းလဲခြင်း မရှိလျှင် စင်္ကာပူ၏ ရပ်တည်ချက်သည် ယိမ်းယိုင်လာဖွယ် ရှိနေသည်ဟု အမေရိကန်ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ကြီး က ဆိုသည်။
လတ်တလောတွင် အမေရိကန်မှ သီရိလင်္ကာတွင် ပြုလုပ်မည့် တောင်အာရှ နိုင်ငံများ ၏ BIMSTEC အစည်း အဝေးသို့ မြန်မာကို အာဆီယံ ပုံစံအတိုင်း နိုင်ငံရေး နှင့် မပတ်သက်သူသာ ဖိတ်ကြားရန် တိုက်တွန်းချက် ထုတ်ပြန်ခဲ့သည်။ လောလောဆယ် တွင် သီရိလင်္ကာသည် ဝဏ္ဏမောင်လွင်အား ဗီဒီယို ကွန်ဖရင့်မှတဆင့် တက်ရောက်ခွင့်ပြုရန် စီစဉ်ပေးထားခဲ့ပြီး ဖြစ်သည်။
အာဆီယံ နှင့် တောင်အာရှ နိုင်ငံများမှ မြန်မာ စစ်ခေါင်းဆောင်များအား ဖက်လှဲတကင်း ပြုရန် ကြံစည်ကြိုး ပမ်းမှု အားလုံးသည် မြန်မာ ပြည်သူများအားလုံးတို့ ၏ မျှော်လင့်ချက်များ ဖြစ်သည့် ဒီမိုကရေစီ အခွင့် အရေးများ၊ လူလူချင်း စာနာထောက်ထားစွာ ဆက်ဆံခံရမည့် အရေးတို့ကို တာဆီးခြင်း၊ မျက်ကွယ် ပြုခြင်း ဖြစ်သည်ဟု ကမ္ဘာ ဆိုရှယ်လစ် အလုပ်သမား အဖွဲ့ကြီး ၏ ဝက်ဆိုဒ်မှ ဝေဖန် ရေးသားလိုက်သည်။




အဆိုပါ ဒေသတွင်း အဖွဲ့အစည်းများသည် အမျိုးသား ညီညွတ်ရေး အစိုးရ အား ဆက်လက် ရှောင်ဖယ်နေသော လုပ်ရပ်သည် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန်ကိုပင် ငြင်းပယ်နေဆဲ ဖြစ်သည်မှာ ထင်ရှားပေသည်။
ဧရာဝတီ သတင်းဌာနက ယခုလို အချိန်မျိုးတွင် သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဝန်ကြီးဟောင်းများ အားလုံး သည် အကြမ်းဖက် စစ်ခေါင်းဆောင်၏ အပူဇော်ခံပွဲသို့ တက်ရောက်လာသဖြင့် ၎င်းတို့သည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများ ကို လိုလားသည့် လူများ ဖြစ်ကြောင်း ကမ္ဘာသို့ လိမ်ညာခဲ့မှုကြီး မှာ ပေါ်လွင်ထင်ရှားသွားရပြီ ဖြစ်သည်ဟု ရေးသားထားသည်။
၎င်းတို့ တစုတဝေးတည်း အင်အားပြသည့် အနေဖြင့် အားပေးနေသော အကြမ်းဖက် စစ်တပ်သည် အရှုံးနှင့် ရင်ဆိုင်လာနေရသဖြင့် မဲမဲမြင်ရာ ဖျက်ဆီးလျှက် ရှိရာ ချင်း၊ ကယား ပြည်နယ်၊ စစ်ကိုင်း နှင့် မကွေးတိုင်း ဒေသများတွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် ဘာသာ ဝင်များ၏ ဘာသာရေး အဆောက်အအုံ ပေါင်း ၁၀၀ ကျော်ခန့်ကို ဖျက်ဆီးပြစ်ခဲ့ကြပြီး ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။




အဆိုပါ ဒေသများ အတွင်း စစ်ဘေးသင့် ပြည်သူများအား အကူအညီပေးရန် အီတလီနိုင်ငံ မီလန် မြို့တွင် Fondo S145 Emergenza Myanmar ဟူ၍ ငွေစာရင်း ဖွင့်လိုက်ပြီ ဖြစ်သည်။ အောက်ပါ လင့်ခ် တွင် Fondazione Pime Onlus ကို ရွေးချယ် ၍ လှူဒါန်း နိုင်သည်ဟု ဆိုသည်။
https://donazioni.pimemilano.com/fondi-ed-emergenze
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
(ပုံတွင် တိုကျို ရှိ စစ်ကောင်စီ သံရုံး ရှေ့တွင် ဆန္ဒပြ နေသော ဂျပန်ရောက် မြန်မာ ပြည်သူများကို တွေ့နိုင်သည်)
Image Credit – Nippon.com
Hla Soe Wai