နောက်အပတ်တွင် ထွက်ပေါ်လာမည့် အာဆီယံ-မြန်မာ လုပ်ဇာတ်ကြီး

News

စစ်အာဏာပိုင်များက ယနေ့ ရောက်လာရန် ရှိနေသည့် အာဆီယံ အထူး သံတမန် ကမ္ဘောဒီယား နိူင်ငံခြားရေး ဝန်ကြီး ပရပ် ဆော့ဟွန်း နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံခွင့် ပေးမည်၊ ထိုအထဲတွင် NLD လည်းပါမည်ဟု ဇော်မင်းထွန်းက အတည်ပြုလာခဲ့သည်။

ကမ္ဘောဒီယား နိူင်ငံခြားရေး ဝန်ကြီး ပရပ် ဆော့ဟွန်း
စစ်ဗိုလ်ချုပ်များသည် ခေတ်အဆက်ဆက် NLD အား လူထု၏ ထောက်ခံမှု ရနေသည်ကို အမြဲလို မနာလို မရှု့စိမ့်သူများ ပီပီ ယခုလည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကမ္ဘာသိ တောင်ပြိုကမ်းပြို နိုင်ထားသည် ကို တမင် မျက်ကွယ်ပြုကာ ရွေးကောက်ပွဲ တွင် မရှု့မလှ အရေးနိမ့်ခဲ့သည့် ပါတီများနှင့် တတန်းစားတည်း ဆက်ဆံလာပြန်ပြီ ဖြစ်သည်။

မနာလို မရှု့စိမ့်သည်က ၎င်းတို့၏ သန္ဓေပါလာ၍ မည်သို့မျှ ပြုပြင်ပြောင်းလဲ၍ မရနိုင်သော်လည်း ၎င်းတို့သည် လူထု၏ ဆန္ဒကို ယခုတိုင် မျက်ကွယ်ပြုနေကြဆဲ ဆိုသည်က ထင်ရှားသည်၊ လူထုသည် ၎င်းတို့လောက် အတွေးအခေါ် အမျှော်အမြင် မရှိ၍ NLD ကို ထောက်ခံနေကြခြင်း ဖြစ်သည်ဟုလည်း နှစ်ပေါင်း သုံးဆယ်လုံးလုံး တပြားသားမျှ မလျော့ပဲ ဆွဲကိုင်ထားကြသူများ ဖြစ်သည်။

ထွက်ပေါ်နေသော သတင်းများ အရ NLD ဖက်မှ ဒေါ်စုစုလွင် နှင့် တွေ့ဆုံမည်ဟု သိရသည်၊ ‌ဒေါ်စုစုလွင်သည် အာဏသိမ်းပြီးချိန်မှစ၍ ပြင်ပ လောကနှင့် အဆက်အသွယ် ပြတ်ပြီး စုံးစုံးမြုပ်နေသူ တဦးလည်း ဖြစ်သည်။

ဒေါ်စုစုလွင်
ဆော့ဟွန်းသည် ယခင် ဘရူးနိုင်း သံတမန် ကဲ့သို့ မဟုတ်ပဲ မည်သည့် တောင်းဆိုချက်၊ သတ်မှတ်ချက် တို့ မရှိပဲ ရောက်လာမည့်သူလည်း ဖြစ်သည်။

အာဏာရှင် ဝါဒ ကျင့်သုံးနေသည့် နိုင်ငံ သံတမန်က အာဏာရှင် ပေါက်စ နိုင်ငံ သို့ လာရောက်ပြီး ဖြန်ဖြေပေးမည် ဆိုသည်ကို မြန်မာပြည်သူ တဦးတလေကမျှ အရေးတယူ လုပ် စဉ်းစားနေကြမည်လည်း မဟုတ်ပေ။

ပရပ် ဆော့ဟွန်း ကိုယ်တိုင်ပင် မိမိ၏ ခရီးစဉ် အတွက် အရမ်းကာရော မျှော်လင့်မထားရန်ပင် ပန်ကြားနေသည်ကပင် မရီရသော ပျက်လုံးတခုပင် ဖြစ်သည်။

အာဆီယံသည် မြန်မာအရေး သာမက ရုရှား ကျုးကျော်ခဲ့မှု အတွက်နှင့်ပါ ကွဲပြဲလာနေ‌သော အဖွဲ့အစည်းကြီးလည်း ဖြစ်လာနေသည်။ ကမ္ဘောဒီယားသည် ကုလ အထွေထွေ ညီလာခံ တွင် ရုရှား ကျုးကျော်မှု ကို ရှုတ်ချခဲ့သည့် အာဆီယံ ရှစ်နိုင်ငံထဲတွင် ပါဝင်သည်၊ ဗီယက်နမ် နှင့် လာအိုက ကြားနေခဲ့သည်။

ဖနွမ်းပင်သို့ ရောက်လာတဲ့ ဂျပန် ဝန်ကြီးချုပ် ကီရှီဒါ
ထူးခြားမှု တခု အဖြစ် ဂျပန် ဝန်ကြီးချုပ် ကီရှီဒါ သည် ဖနွမ်းပင်သို့ ရောက်လာပြီး ယူကရိန်း နှင့် မြန်မာ ပြဿနာကို ဟွန်ဆန် နှင့် ဆွေးနွေးလာခဲ့သည်။

ကီရှီဒါသည် အိန္ဒိယ သို့ ဆက်လက်သွားရောက်ခဲ့ပြီး ဝန်ကြီးချူပ် မိုဒီနှင့် ဆွေးနွေးခဲ့ပြန်သည်၊ ဆွေးနွေးအပြီး ထုတ်ပြန်သော ကြေညာချက်သည်လည်း ထူးမခြားနားပင်၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ အာဆီယံ အချက် ငါးချက်ကို အကောင်အထည် ဖေါ်ရန်တို့သာ ဖြစ်သည်။

ကုလ အပါအဝင် မည်သူကမျှလည်း လက်ရှိ မြန်မာပြည်တွင် စစ်ဗိုလ်ချုပ်များ လက်နက်အားကိုးဖြင့် ငါ့မင်းငါ့ချင်း ထင်ရာစိုင်းနေကြသည်ကို ထိထိရောက်ရောက် ဖြေရှင်းပေးရန် မကြိုးစားပဲ သူ့အလိုလို ပြိုကွဲ၊ သို့မဟုတ် ပြည်သူ တို့ က ဖြုတ်ချလာမည် အချိန်ကိုသာ ယီးလေခို စောင့်နေကြဆဲ ဖြစ်သည်၊ ထိုသို့ ဖြစ်မလာမီ အခြေအနေများ ပို၍ ဆိုးမလာစေရန် သာ ဖြန်ဖြေ ပေးနေခြင်းမျိုးသာ ဖြစ်ပေသည်။

ထိုသို့ ကြေညာချက်များ ထုတ်နေသည်မှာလည်း အဖန်တရာ မက ဖြစ်လာသော်လည်း ထူးခြားမှုကမရှိ၊ သတ်မြဲသတ်၊ ရှို့မြဲရှို့နေမြဲပင် ဖြစ်၍ ပြည်သူများအား ၎င်းတို့ရန်မှ မည်သို့ မည်ပုံ ကာကွယ်ပေးရမည်ကိုသာ ရည်ရွယ် လုပ်ဆောင်သင့်နေပြီ ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်
၎င်းတို့၏ ရွေးကောက်ပွဲ ဆိုသည်ကလည်း ပြည်သူများ၏ အသံတိတ်သပိတ် နှင့်ပင် ပျက်ပြားသွားဖို့သာ ရှိသည်၊ နောက်တ ကြောင်းက အခြေအနေများ ထင်မထားအောင် ဆိုးသည်ထက် ဆိုးလာနေ၍ မင်းအောင်လှိုင်သည် တပ်မှ ခွာပြီး သမ္မတ လုပ်ရန် တွန့်ဆုပ်လာနေပြီ ဖြစ်၍ အကြောင်းအမျိုးမျိုး ပြကာ ရွှေ့ဆိုင်းတော့မည်လည်း ဖြစ်သည်။

မည်သို့သော ရည်ရွယ်ချက် နှင့် ဖြစ်စေ နောက်အပတ်တွင် ထွက်ပေါ်လာမည့် အာဆီယံ-မြန်မာ လုပ်ဇာတ်ကြီး မည်သို့မည်ပုံ အသုံးတော်ခံလာမည်ကို မြန်မာ ပြည်သူများက ဘာမှ ထူးခြားလာဖို့ မရှိ၍ စိတ်ဝင်စားခြင်း အလျင်းမရှိ၊ ကပ္ပလီ ပင်လယ်အော်ထဲတွင် အားကောင်းလာနေသော “အာဆန်နီ” မုန်တိုင်းကြီးကိုသာ အထူး အာရုံစိုက်လျက် ရှိကြသည်။

မုန်တိုင်းသည် စစ်အာဏာပိုင်များ သူတလူ ငါတမင်း အုပ်ချုပ်နေချိန်မျိုးတွင်သာ ရောက်ရှိလာတတ်စမြဲ ဖြစ်၍ သတိဝိရိယ နှင့် ရှိနေကြခြင်းလည်း ဖြစ်သည်။

မိုးလေဝသ ခန့်မှန်းချက်များအရ တနင်္လာနေ့တွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် ကို တနာရီ ကီလိုမီတာ ၉၀ (၅၅ မိုင်) နှုန်းဖြင့် ဖြတ်ကျော်ဝင်ရောက်လာမည်ဟု သိရသည်။

ပြည်သူတို့၏ တရားသော ခုခံစစ် မုချ အောင်ရမည်!!!

Hla Soewai

Crd

Leave a Reply

Your email address will not be published.