ပထမဆုံးအကြိမ် ရှေ့တန်းထွက်လာပြီဖြစ်တဲ့ PDF အမျိုးသမီးရဲဘော် ၁ ဦး

News

ပျူစောထီးကြီးစိုးသည့်ရွာအား KNU နှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်၊ PDF အမျိုးသမီးရဲဘော် ၁ ဦး ပထမဆုံးအကြိမ် ရှေ့တန်းထွက် တိုက်ခိုက်

မဲခေါင်၊ မတ် ၁၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပျူစောထီးအဖွဲ့များကြီးစိုးသည့် ပုလောကုန်းရွာအား KNU မဟာမိတ်တပ်ဖွဲ့နှင့် ပုလော PDF ပူးပေါင်းအဖွဲ့များက မတ်လ ၁၆ နံနက်က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ခန့်သေဆုံးသည်ဟု ပုလော PDF က ထုတ်ပြန်သည်။

ပုလောကုန်းရွာမှ ပျူစောထီးအဖွဲ့သည် စစ်ကောင်စီအားကိုးဖြင့် ပြည်သူများအား လက်နက်ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF)၊ KNU မဟာမိတ် တပ်ဖွဲ့ ၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊ KPDF တပ်ပေါင်းစုတို့က သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပလောက်မြို့ တိုင်းဗဟို ၁၂ မှ စစ်ကူလာခဲ့ပြီး ထမင်းမစားကျေးရွာအရောက်တွင် စစ်ကူလာသည့်အဖွဲ့အား ပုလော PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ ၂၅၈ တပ်ရင်းမှ စစ်ကူလာသောအဖွဲ့သည် ပုလောကုန်းရွာသို့မရောက်ဘဲ လမ်းတနေရာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မကျည်းကုန်းနှင့် နန်းတောင်ရွာမှ စစ်ကောင်စီအဖွဲ့များသည်လည်း လက်နက်ကြီးများ ပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။

ပျူစောထီးကြီးစိုးသည့် ပုလောကုန်းရွာအား သွားရောက်တိုက်ခိုက်မှုတွင် PDF မှ အမျိုးသမီးစစ်သည် ရဲဘော် ၁ ဦး ပထမဆုံးအကြိမ် ရှေ့တန်းအထိ လိုက်ပါတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပုလော PDF မှ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာအတွင်း ပြည်သူများသတိထားသွားလာကြရန် သတိပေးထားသည်။

Crd

Leave a Reply

Your email address will not be published.